အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Wednesday, July 9, 2014

ခရီးပြန်မှတ်တမ်း

ဂျူလိုင် ခုနစ်ရက်ထိတိုင် သီတင်းတစ်ပတ်စာ ဒေသစံတော်ချိန်ကိုက် နာရီများ အာလုံးလိုလို အဆင်ပြေစွာ လည်ပတ်ခဲ့ပြီးနောက် တနင်္လာနေ့ ဒေသစံတော်ချိန် ၁၅:၃၅၌ စင်္ကာပူမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့သော Y5 234 လေယဉ်သည် ဦးတည်ရာမြို့သို့ ဆိုက်ရောက်သည်နှင့် တစ်ပြိုင်နက် ခရီးသည်များနှင့်အတူ အဆင်မပြေမှု အချို့ကိုပါ လေယာဉ်ပေါ်မှ လှဲကျင်းသွန်ချလိုက်သည်။

ရှေးဦးစွာ လေယာဉ်မယ်က ခရီးသည်တို့ သိရမည့် အချက်များကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသော စာရွက်များကို တစ်ချက်ပြီးတစ်ချက် တစ်ရွက်ပြီးတစ်ရွက် ဖတ်ကြားကြေငြာသည်။ မန္တလေးသို့ ဆက်လက်ထွက်ခွာမည့် ခရီးသည်များ နောက်ဆုံးမှ ဆင်းရန်ကြေငြာချက် ပါဝင်သည်ဖြစ်၍ စောင့်ရမည်။ ဆက်လက်ထွက်ခွာမည့် ရန်ကုန်-မန္တလေး လေယဉ်မှာ စင်္ကာပူ-ရန်ကုန် လေယာဉ်ပင် ဖြစ်သော်လည်း ခရီးသည်များ အားလုံးဆင်းပေးရမည်။ လေယဉ်ကို သန့်ရှင်းရေး လုပ်ရမည်ဖြစ်သောကြောင့်ဟု ဆို၏။ စနစ်ကျပုံရသည်။ လေယာဉ်မှ ဆင်း၍ လေယာဉ်ကူးပြောင်းဂိတ်သို့ သွားရမည်။ ဆင်းသက်ထားသော လေယာဉ်နှင့် လေယာဉ်ကူပြောင်း စောင့်ဆိုင်းဂိတ် မဝေးသော်လည်း ကားနှင့် ပို့ပေးသည်။ စနစ် မဆိုးပြန်သေး။ ကြိုပို့ကားမှာ ရန်ကုန်ဂိတ်ဆုံး ခရီးသည်များကို အရင်ပို့သည်။ မန္တလေးသို့ဆက်မည့် ခရီးသည်များ စောင့်ရသေးသည်။ သည်းခံရသည့် စနစ်ဖြစ်သော်လည်း စောင့်ရချိန် မကြာလှ၍ တော်သေးသည်။ စောင့်ဆိုင်းဂိတ်သို့ ကားရောက်၍ ဆင်းသည်နှင့် အဆင်မပြေမှု ရှိနေသည်။ စောင့်ဆိုင်းဂိတ် သော့ပိတ်ထားသည်ဖြစ်၍ အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ အလွန်အကျွံ အရေးကြီးသည်ဟုကား ၀န်ထမ်းတို့က ယူဆကြဟန် မတူပေ။ သော့ (သို့) သော့ကိုင်သူကို ရှာကြသည်။ ဂိတ်မှားခြင်းလေလော။ ကူးပြောင်းစောင့်ဆိုင်းဂိတ် မည်မျှ ရှိသည် မသိပေ။ အခြေအနေကို အတိအကျ မသိရသော်လည်း ဂိတ်မပွင့်သည်မှာ သေချာ၏။ ဘယ်လိုမှ မပွင့်တော့ပေ။

နောက်ဆုံး၌ ၀န်ထမ်းတစ်ယောက်က “ဘိုးဒင်းဘက် ပို့လိုက်ကွာ”ဟု ပြောသည်။ တိုက်ရိုက်ထွက် ခရီးသည်များ ရှိရာသို့ ပို့ရန် ညွှန်ကြားသည်။ ကူးပြောင်းခရီးသည်များသည် ထွက်ခွာမည့် ခရီးသည်များနှင့်အတူ စောင့်ရမည်။ မန္တလေး ခရီးသည်များ ကားပေါ်သို့ ပြန်တက်ကြရန် ကြေငြာသည်။ ခရီးသည် ဆယ်ရောက်သာ ရှိသည်ဖြစ်၍ သတင်းပေးရန် လွယ်ကူသည်။ စင်္ကာပူမှ တရုတ်လင်မယားတို့ နားမလည်၍ ကားဆီသို့ လက်ညှိုးထိုးလျက် ကျောကိုတွန်းကာ ကားပေါ်တင်ပေးသည်။ ခရီးသည်များ ငြိမ်ဝပ်စေလိုဟန် တူ၏။

ကူးပြောင်းခရီးသည်များ မိနစ်လေးဆယ်ခန့် စောင့်ရမည် ဆိုသောကြောင့် ငေးရင်းမောရင်း အချိန်ဖြုန်းရန် ပြင်ဆင်ကြသည်။ သို့သော် ငါးမိနစ်ခန့်ကြာသော် ကူးပြောင်းခရီးသည်များကို ပြန်ခေါ်ပြန်သည်။ ကူးပြောင်းခရီးသည်များ “ဘိုးဒင်းဂိတ်”၌ နေရန် အဆင်ပြေဟန် မတူပြန်ပေ။ အပြေးအလွှား လိုက်လံ၍ လက်တို့ကာ သတင်းပေးရသည်။ လူဆယ်ရောက်ကို ပြန်စုရာ တစ်ယောက်လိုနေသဖြင့် လူသားစွမ်းအင်ကို အသုံးပြု၍ အမောတကော လိုက်ရှာကြပြန်သည်။ လူစုံသည်နှင့် ကြိုပို့ကား ပြန်ထွက်သည်။ “လေယာဉ်ထဲ ထည့်ထားလိုက်ကွာ။”

လေယာဉ် သန့်ရှင်းရေး လုပ်ငန်းစဉ်များ မပြီးဆုံးသေးလျှင် ကားပေါ်မှာပင် ထိုင်စောင့်ရမည်ဟု ထင်မိလိုက်သော်လည်း စောင့်ရတော့မည် မဟုတ်ပေ။ သန့်ရှင်းရေး လုပ်သားများ လေယာဉ်ပေါ်မှ ပြန်ဆင်းလာသည်ကို ကားပေါ်မှ လှမ်းမြင်လိုက်ရသည်။ မန္တလေး ခရီးသည်များ လေယာဉ်ထဲသို့ စောစီးစွာ ပြန်ဝင်ရန် ရှိသောကြောင့် သန့်ရှင်းရေး လုပ်ငန်းများ မပြီးသေးမီ သန့်ရှင်းရေး လုပ်သားတို့ မောင်းထုတ်ခံလိုက်ကြရဟန်တူ၏။ သန့်ရှင်းရေး မပြီးသေးသည်မှာ ဖြစ်နိုင်ကြောင်း သဲလွန်စ ပြနေသော သိကြားလုံးအခွံ တစ်ချို့ကို သတိထားမိသည်။

နောက်ဆုံး၌ လေယဉ်ထွက်ခွာရန် တံခါးပိတ်လိုက်ပြီးနောက် တံခါးပြန်ဖွင့်ရသည်။ လူကြုံ ပစ္စည်းကမ်းလိုက်စရာ ရှိသေးသည်။ ခဏစောင့်ရမည်။ အမှန်ပင် ခဏသာ ကြာသည်။ ထို့နောက် ထွက်ခွာသည်။ လေယာဉ်ဖြစ်သောကြောင့် ရထားကဲ့သို့ ဥသြဆွဲစရာ မလိုပေ။ ဂျုံးဂျုံး ဂျက်ဂျက် . . . . .။

တံတားဦးလေဆိပ် ဆင်းကာနီးသောခါ လေယာဉ်မယ်က သိမှတ်စရာများကို ဖတ်ကြားကြေငြာပြန်သည်။ စင်္ကာပူမှ ထွက်ခွာလာခဲ့သော ခရီးသည်များ လ၀က အရာရှိတို့ထံ နိုင်ငံကူးလက်မှတ် အစစ်ခံရမည်ဖြစ်၍ ရန်ကုန်-မန္တလေး ခရီးသည်များ ဆင်းပြီးချိန်ထိ စောင့်ဆိုင်းကြရန် ကြေငြာသည်။ ဆက်လက်ထွက်ခွာကြရာ လ၀က အရာရှိများက ရဟန်းတော်များကို ဦးစားပေး၍ အမြန်စစ်ပေးသည်။ ခရီးသည် သိပ်မများသော်လည်း ကောင်တာခွဲ၍ စစ်ဆေးသောအခါ ရုံးတံဆိပ်တုံး မလုံမလောက် ဖြစ်နေဟန် တူ၏။ ဤမှာဘက် ကောင်တာမှ အရာရှိသည်“တုံးရပြီ”ဟု ဟစ်အော်ရင်း တံဆိပ်တုံးကို ဟိုမှာဘက် ကောင်တာသို့ ကြင်နာစွာ လှမ်းပေးသည်။ တံဆိပ်တုံးကို မျှဝေသုံးစွဲကြ၏။ Caring and Sharingဟု ဘာသာပြန်ရမည် ဖြစ်သည်။

ခရီးဆောင်အိပ်များ ယူရန် ရှိသေးသည်။ ပစ္စည်းများ သည်ဆောင်လာသော စက်ခါးပတ် လည်နေစဉ် ခါးပတ်ပေါ်မှ အိပ်များကို ရှာရသည်။ လေဆိပ်ဝန်ထမ်း တစ်ယောက်ကလည်း ကြင်နာစွာ ကူညီသည်။ “tag ကလေးတွေ ထားခဲ့ပြီး အပြင်က အေးအေးဆေးဆေး စောင့်နေပါဘုရား။ တပည့်တော် ရွေးပြီး ယူလာပေးပါ့မယ် ဘုရား။” “ဟုတ်ပါ့မလား။ ငါ့တို့တောင် ကိုယ့်အိပ်ကိုယ် ရှာရတာ မလွယ်ဘူး . . .။” “အဆင်ပြေပါတယ် ဘုရား။ tagမှာပါတဲ့ နံပါတ်နဲ့ တိုက်ပြီး ယူခဲ့ပါမယ် ဘုရား။ ကြွ ကြွ . . .။”

ငြင်းရန် မသင့်တော့ပေ။ အပြင်မှ စောင့်နေလိုက်ကြသည်။ စောင့်ရသည်မှာ ကြာမြင့်လှသည်။ မျှော်လင့်ထားသည်ထက် နာရီဝက်ခန့် ပိုကြာသည်အထိ အိပ်များရောက်မလာသေး၍ မစောင့်နိုင်တော့သဖြင့် အတွင်းသို့ ပြန်ဝင်လိုက်သည်။ မည်သူမျှ မတားမြစ်ပေ။ ကူညီပါရစေဟု တောင်းပန်သည့် ၀န်ထမ်းသည် အိပ်ကို ရှာနေဆဲ ဖြစ်သည်။ အိပ် တွေ့ပါပြီ။ ခါးပတ်ပေါ်မှာ အပတ်ရေမည်မျှ လည်ခဲ့ရသည် မသိပေ။

ကားကြိုဖြင့် တံတားဦးမှ မန္တလေးသို့ ခရီးဆက်ကြပြန်သည်။ မန္တလေး ခရီးသည် ရဟန်းနှစ်ပါးတို့ ပြန်မည့်နေရာများမှာ မြို့၏ အရှေ့ထိပ်နှင့် အနောက်ထိပ် တစ်ခြားစီဖြစ်နေပြီး အနောက်သို့ အရင်သွားသည်။ အနောက်ကျောင်း ရောက်သည်နှင့် အချိန်အနည်းငယ် အတွင်း၌ ကိုးနာရီ ထိုးသည်ဖြစ်၍ ညမထွက်ရအမိန့် ရှိနေသေးသဖြင့် အရှေ့ကျောင်းသို့ သွားချိန်မရတော့ပေ။ အရှေ့ကျောင်းနေ ရဟန်းသည် အနောက်ကျောင်းမှာပင် အာဂန္တုက အဖြစ် တစ်ညကုန်ရန် စီစဉ်ရတော့သည်။ အနောက်ကျောင်း ရဟန်းမှာ အိပ်ရာမှန်ဖြစ်၍ တစ်ညတာ အဆင်ပြေမည် ဖြစ်သော်လည်း အာဂန္တုက ရဟန်းအတွက် အိပ်ရာနေရာ အသားမကျမှု အခက်အခဲ ရှိနိုင်သည်။

အာဂန္တုရဟန်း၏ အိပ်တစ်ဝက် နိုးတစ်ဝက် ညချမ်းသည် ကျောင်းအနီးရှိ ကျူးကျော်ရပ်ကွက်မှ အမူးသမား၏ ဆဲသံဆူသံ စိန်ခေါ်သံတို့ကြောင့် စိုစိုစည်စည် ရှိနေ၏။ အာဂန္တုက ရဟန်းသည် ညမထွက်ရအမိန့် ထုတ်ပြန်သကဲ့သို့ ညမဆူရအမိန့် ထုတ်ပြန်လျှင် ကောင်းလိမ့်မည်ဟု စဉ်းစားရင်း . . . . .။


:)
ရှင်အာစာရ
 (30-6-2014 to 7-7-2014)
ဆက်ဖတ်ရန်

Saturday, June 21, 2014

တရားမင်းသခင် - ၂၉။ ဖခင်တည်းဟူသော ချစ်ခြင်းဖြင့်


(. . . . . မှ အဆက်)

ဘုရားရှင်သည် ယသောဓရာကို နှုတ်ဆက်ပြီးနောက် သာဝကကြီးနှစ်ပါး ခြံရံလျက် ဆွေတော်မျိုးတော်တို့ ဆောက်လုပ်လှူဒါန်းထားသည့် နိဂြောဓာရုံကျောင်းတော်သို့ ပြန်ကြွတော်မူ၏။ ယသောဓရာသည် နန်းဆောင်လေသာပြတင်းပေါက်၌ ရပ်လျက် နန်းတော်မှ ထွက်ခွာတော်မူသည့် ဘုရားရှင်ကို ငေးကြည့်နေ၏။ သူ့၏ အနီး၌ ရှိနေသော ရာဟုလာကိုပင် သတိမထားမိတော့ပေ။ သုဒ္ဓေါဒနမင်းကြီးနှင့် မှူးမတ်တို့ ဘုရားရှင်ကို ဗဟိုနန်းမဆောင်အထိ လိုက်ပို့ကြပြီး ထိုနေရာ၌ နေရစ်ခဲ့ကြသည်ကို ယသောဓရာ မြင်နေရ၏။ အတည်ငြိမ်ဆုံး အအေးချမ်းဆုံး အမူအရာဖြင့် ပြန်ကြွတော် မူနေသည့် ဘုရားရှင်ကိုလည်း မြင်နေရ၏။

လေအေးတစ်ချက် တိုက်ခတ်လိုက်သည်။ နေမင်းသည် အနောက်ကောင်းကင်၌ ကျဝင်လျက် ရှိနေ၏။ ထိုအခိုက်အတန့်အတွင်း လမ်းများပေါ်၌ လူသူကင်းဆိတ်နေ၏။

ထိုစဉ် ဘုရားရှင်၏ လက်တော်ကို ဆွဲကိုင်လျက် ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါနေသည့် ကလေးတစ်ယောက်ကို ယသောဓရာ ရုတ်တရက် လှမ်းမြင်လိုက်ရ၏။ ချက်ချင်းပင် နောက်ပြန်လှည့်၍ ကြည့်လိုက်သည်။ ရာဟုလာ မရှိတော့ပေ။ ယသောဓရာ တုန်လှုပ်ချောက်ချားသွား၏။ အခြွေအရံ အစေခံများကို ဟစ်အော်မြည်တွန်ရင်း နန်းဆောင်အပေါ်ထပ် တစ်ခုလုံးနှံ့အောင် ရာဟုလာကို လိုက်ရှာ၏။ နန်းဆောင်အပေါ်ထပ်၌လည်းကောင်း အောက်ထပ်၌လည်းကောင်း ရာဟုလာကို မတွေ့ရပေ။ နန်းတော်ဝင်းထဲ၌လည်း ရာဟုလာ မရှိပေ။ ယသောဓရာသည် နန်းဆောင်ပေါ် ပြန်တက်ပြီး ပြတင်းပေါက်မှနေ၍ ကြည့်ပြန်၏။ ဘုရားရှင်၏ လက်တော်ကို ဆွဲကိုင်လျက် ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါနေသော ကလေးမှာ ရာဟုလာပင်ဖြစ်ကြောင်း တပ်အပ်သေချာ သိလိုက်သည်။ ချက်ချင်းပင် ကျွန်မခုဇ္ဇုတ္တရာကို ခေါ်၍ သုဒ္ဓေါဒနမင်းကြီးထံသို့ ပြေးလေ၏။

ယသောဓရာသည် မင်းကြီး၏ ရှေ့တော်မှောက်၌ စကားမပြောနိုင်ဘဲ ရှိနေ၏။ ယသောဓရာ ပူရပြန်လေပြီ။

“သမီးတော် . . .။ ဘာဖြစ်တာလဲ”ဟု မင်းကြီးက အလန့်တကြား မေး၏။

“ခမည်းတော် . . . ခမည်းတော် . . . ရာဟုလာ မရှိတော့ဘူး။”

သုဒ္ဓေါဒနမင်းကြီးလည်း ထိတ်လန့်တုန်လှုပ်သွား၏။

“ပြောစမ်းပါ သမီးတော်။ ရာဟုလာ ဘာဖြစ်တာလဲ။ မတော်တဆ တစ်ခုခု ဖြစ်သလား။”

“ခမည်းတော် . . .။ ရာဟုလာက သမီးတော် မသိလိုက်ခင်မှာ ဘုရားရှင်နောက် လိုက်သွားတာ . . .။ ခု သူ့အဖေရဲ့ လက်ကိုဆွဲပြီး နောက်ကလိုက်နေတယ်။ ခမည်းတော် . . . ရာဟုလာကို ပြန်ခေါ်နိုင်တာ ခမည်းတော် တစ်ယောက်ပဲ ရှိပါတယ် ဘုရား . . .။”

ဘုရားရှင်သည် ရာဟုလာကို ကျောင်းတော်သို့ခေါ်သွားပြီး ခေါင်းတုံးတုံး သင်္ကန်းဝတ်စေကာ ရှင်ပြုပေးလိုက်နိုင်သည်ဟု တွေးမိပြီး သုဒ္ဓေါဒနမင်းကြီး ရုတ်ချည်းပင် စိုးရိမ်စိတ် ဖြစ်မိ၏။ ဤသို့ တွေးမိပြီးနောက် အရွယ်ကြီးရင့်ပြီဖြစ်သော မင်းကြီးသည် သောကဖြင့် ရူးသွပ်သည်ဖြစ်၍ သူ၏ ခန္ဓာကိုယ် အခြေအနေကို သတိမမူမိတော့ဘဲ နန်းရှေ့ကွင်းပြင်သို့ ထွက်သွား၏။ ဘယ်သူ့ကိုမှ ဘာမှအမိန့်မပေးဘဲ တောင်ဝှေးထောက်လျက် တစ်ယောက်တည်း ထွက်သွားခြင်းဖြစ်သည်။

မင်းကြီးကို မြင်လိုက်ရသူတို့ အံ့သြတုန်လှုပ်သွားကြ၏။ ဘယ်တုန်းကမှ မင်းကြီးတစ်ပါးတည်း လမ်းပေါ်ထွက်မလျှောက်သည်ကို တိုင်းသူပြည်သားများ သိထားပြီး ဖြစ်ကြ၏။ သောကသည် မင်းကြီးသည် ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဘဲ ဒယီးဒယိုင် ပြေးသွားရင်း အမောတကော ဖြစ်နေ၏။ နောက်မှ လိုက်လာသည့် ကာဠုဒါယီ သူ့ကို မမီသေးခင်မှာပင် မင်းကြီး ဆက်၍ မသွားနိုင်တော့ပေ။ ရပ်တန့်၍ အမောဖြေနေရ၏။ ကာဠုဒါယီသည် မင်းကြီး၏ အနီးသို့ ရောက်သောအခါ မြင်းပေါ်မှ ဆင်းလိုက်ပြီး မင်းကြီးကို တိုးလျှိုးတောင်းပန်၍ မြင်းပေါ်တင်ပေးလိုက်၏။

“အို . . . ကာဠုဒါယီ . . . ကာဠုဒါယီရယ် . . .။ ငါ့လောက် ကံဆိုးတဲ့ အဖေမျိုး ဒီ ကပိလ၀တ်မှာ ရှိမယ် မထင်ပါဘူး . . .။ ငါ့စိတ် နာကျင်လှပြီ။ ငါ့စိတ်ဟာ တုတ်နဲ့ထိုးဆွခံရတဲ့ အနာလို၊ ခဲနဲ့ ပစ်ပေါက်ခံရတဲ့ အနာလို ဖြစ်နေပါပြီ။ ကာဠုဒါယီ . . . ငါ့မှာ မျှော်လက်ချက် တစ်ခုပဲ ရှိတာ . . .။ အဲဒီ မျှော်လင့်ချက်သာ ဆုံးသွားရင်တော့ ငါလည်း သွားပါပြီ။”

“အရှင်မင်းကြီး . . . ဘာမှ မဖြစ်ပါဘူး။ ဒီလောက်ထိလည်း စိုးရိမ်ကြောင့်ကြတော် မမူပါနဲ့ ဘုရား။ ရာဟုလာဟာ ကျောင်းတော်မှာ မင်းသားဝတ်လေးနဲ့ ရှိနေမယ် ထင်ပါတယ် ဘုရား။ မင်းသားလေးဟာ သွေးသားဆက်စပ်မှုနဲ့ ချစ်ခင်မြတ်နိုးမှုကြောင့် ဘုရားရှင်နောက် လိုက်သွားတာ ဖြစ်မှာပါ ဘုရား။ သနားကရုဏာပြည့်ဝပြီး အနှောင်အတွယ်ကင်းတဲ့ ဘုရားရှင်ရဲ့ မျက်နှာတော်ကို ထိပ်တိုက်ရင်ဆိုင် ဖူးတွေ့လိုက်ရသူဟာ ဘုရားရှင်ကို ကျောမခိုင်းနိုင်တော့ပါဘူး ဘုရား”ဟု ကာဠုဒါယီက ဖြေသိမ့် လျှောက်ထား၏။

“ကာဠုဒါယီ . . . ငါ တော်တော်ကြီးကို စိုးရိမ်ကြောက်ရွံ့နေတာ။ ငါ့သားတော်ဘုရား မွေးလာကတည်းက ရခဲ့တဲ့ စိုးရိမ်ကြောက်ရွံ့မှုဟာ ငါ့ကို နှိပ်စက်နေတယ်။ သုံးဆယ့်ခုနစ်နှစ်လုံးလုံး ငါ ဆင်းရဲပင်ပန်းလာခဲ့တာ။ ငါ့သားတော်က သူ့သာသနာအတွက်ပဲ သူ စဉ်းစာတယ်၊ ငါ့နေပြည်တော်အတွက် မစဉ်းစားဘူးလို့ ငါ ယူဆတယ်။”

“အဲဒီလိုလည်း မဟုတ်ပါဘူး . . . အရှင်မင်းကြီး . . .။ မင်းသားလေး သာသနာ့ဘောင် ၀င်ရောက်ဖို့ ဘုရားရှင်က ဖိအားပေးလိမ့်မယ်လို့ ကျွန်တော်မျိုးဖြင့် နည်းနည်းလေးမှ မတွေးမိပါဘုရား။ ဘုရားရှင်ဟာ သားသမီးနဲ့ ဇနီးမယားတွေ စိုးရိမ်ပူဆွေးရအောင် အိမ်ထောင်သည် ယောက်ျားတွေကို ရဟန်းပြုပေးတဲ့သူ မဟုတ်ပါဘုရား။ ဘုရားရှင်ဟာ အားလုံးအပေါ်မှာ တရားမျှတပါတယ် ဘုရား . . .။”

“မဟုတ်ဘူး။ ကာဠုဒါယီ . . . ရာဟုလာက သူ့သားဖြစ်နေတော့ ကလေးကို သူ ရှင်ပြုပေးလိုက်လိမ့်မယ်လို့ ငါ ထင်တယ်။

မြန်မြန်လုပ်ပါ ကာဠုဒါယီ . . .။ မြင်းကို မြန်မြန်မောင်းစမ်းပါ။”ဟု မင်းကြီးက အော်၍ အမိန့်ပေး၏။

၎င်းတို့နှစ်ဦးသား ကျောင်းတော်အနီးသို့ ရောက်ကြလေပြီ။

ရှေးဦးစွာ ကာဠုဒါယီသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး မင်းကြီးကို မြင်းပေါ်မှ ချပေး၏။ ထို့နောက် မင်းကြီးသည် တောင်ဝှေးထောက်လျက် ကျောင်းတော်ဆီသို့ ဒယီးဒယိုင် လျှောက်သွားလေသည်။

ဘုရားရှင်သည် ကျောင်းတော်အတွင်း၌ ရှိနေ၏။ သူ့အတွက် သီးခြား ပြင်ဆင်ထားသည့် ညောင်းစောင်း၌ နေ့သန့်စင်တော်မူနေ၏။ ရာဟုလာကိုကား မတွေ့ရပေ။ မင်းကြီး ထိတ်လန့်သွား၏။ အလန့်တကြား ဟစ်အော်လိုက်သည်။

“သားတော်ဘုရား။ မြေးတော်လေး ရာဟုလာ ဘယ်မှာလဲ။”

မင်းကြီးသည် ပြောပြောဆိုဆိုနှင့် ကြမ်းပြင်ပေါ် လှဲချလိုက်၏။

“ခမည်းတော် . . .။ ရာဟုလာ ရှိပါတယ်။”ဟု ဘုရားရှင်က ပြန်လည် ဖြေကြားတော်မူ၏။

“အို . . . သားတော်ဘုရား။ ဘာဖြစ်လို့များ ခမည်းတော်ရဲ့ ဒဏ်ရာဟောင်းကို ပိုဆိုးအောင် ဆွရတာလဲ။ အို . . .  နတ်ဒေ၀ါတို့ . . .။ ဒီအဖိုးကြီးကို နှစ်သိမ့်နိုင်မယ့်အရာ မရှိတော့ဘူးလား။ ခမည်းတော်ဟာ သားတော် ရဟန်းပြုလေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နှစ်ဆယ့်ကိုးနှစ်လုံးလုံး စိတ်ဒဏ်ရာ ရခဲ့တာပါ။ သားတော် ကပိလ၀တ် ပြန်မလာမချင်း သောကသည်ကြီး ဖြစ်နေခဲ့တာပါ။ သားတော်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ရပြီးတဲ့နောက် စိတ် အနယ်ထိုင်အောင် ကြိုးစားနေရတုန်းပါ။ ခမည်းတော်ရဲ့ ဖခင်မေတ္တာဟာ ခမည်းတော်ရဲ့ အသားစိုင်ထဲ၊ သွေးကြောတွေထဲ၊ အရိုးတွေထဲ၊ ရိုးတွင်းခြင်ဆီထဲထိ စိမ့်ဝင်ပြန့်နှံ့နေတာပါ။ ခမည်းတော် ဆင်းရဲပင်ပန်းလွန်လှပါတယ် သားတော်ဘုရား . . .။ သားတော်ဘုရား . . . ရာဟုလာကို ပြန်ပေးပါ။ မင်းဆက်မပြတ်အောင် ကာကွယ်ပေးပါ့မယ်လို့ သားတော် ကတိပေးထားတာပဲ။ အောက်ထစ်ဆုံး ဒီ ကတိတော့ တည်ပါဦး။ သားတော်ဘုရား . . . ရာဟုလာဟာ ငယ်ပါသေးတယ်။ ခမည်းတော်ရဲ့ မျှော်လင့်ချက်တွေ အားလုံးဟာ သူ့ဆီမှာ ရှိတာပါ။ ရာဟုလာကို ပြန်ပေးပါ။ အို . . .  ရာဟုလာကို ပြန်ပေးပါ”ဟု မင်းကြီးက တိုးလျှိုးတောင်းပန်၏။

“ခမည်းတော် . . . သားတော်က ရာဟုလာကို ခေါ်ခဲ့တာ မဟုတ်ပါဘူး။ ရာဟုလာဟာ သူ့အမေတောင် မသိလိုက်ဘဲ ထွက်လာခဲ့ပြီး သားတော်ကို မီအောင်လိုက်လာခဲ့တာပါ။ ခမည်းတော် . . . သားတော်က ခရီးတစ်ခု စထွက်လိုက်ပြီဆိုရင် နောက်ပြန်မလှည့်ပါဘူး။ ဒါကြောင့် ကျောင်းတော်ကို တန်းပြန်လာခဲ့တာပါ။ သားတော်ဟာ ကလေးတွေကို အဓမ္မ သိမ်းပိုက်ပြီး မိဘတွေ ပူပင်ရအောင် လုပ်တဲ့သူ မဟုတ်ပါဘူး။ ရာဟုလာဟာ ရဟန္တာအရှင်မြတ် ရှင်သာရိပုတ္တရာနဲ့အတူ ရှိနေပါတယ်။ ရာဟုလာကို ဘုရား တရား သံဃာဆိုတဲ့ သရဏဂုံ သုံးပါးပဲ ဆောက်တည်ပေးထားလိုက်ဖို့ ရှင်သာရိပုတ္တရာကို သားတော် ပြောထားပါတယ်။ ခမည်းတော် . . . ရာဟုလာကို ပြန်ခေါ်သွားနိုင်ပါတယ်။ သူအရွယ်ရောက်လို့ သူ့ဆန္ဒအတိုင်း သာသနာ့ဘောင်မှာ ရှင်ရဟန်း ပြုချင်တယ် ဆိုရင်တော့ သားတော်အနေနဲ့ ဒီလိုမျိုး ရပ်တည်နိုင်မှာ မဟုတ်တော့ပါဘူး။ ခမည်းတော် . . . မျက်ရည်တွေ သုတ်လိုက်ပါ။ လုပ်ပါ . . . ခမည်းတော်။ ထလိုက်စမ်းပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။

သုဒ္ဓေါဒနမင်းကြီး ပျော်ရွှင်သွား၏။ ၀တ်ရုံစ အစွန်းတစ်ခုဖြင့် မျက်ရည်သုတ်ရင်း မတ်တတ် ရပ်လိုက်သည်။

“အို . . . သားတော်ဘုရား . . .။ ခမည်းတော်ဖြင့် လန့်ဖျပ်သွားတာပဲ . . .။ ခမည်းတော် ကျေနပ်နှစ်သက်အောင် လုပ်ပေးတဲ့အတွက် သားတော် ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပါရစေ သားတော်ဘုရား . . .။ သားတော် . . . ယသောဓရာလည်း သူ့သားအတွက် ငိုနေရှာတာ။ ရာဟုလာကို ခေါ်ပြီး ပြန်ပါတော့မယ်။ ရာဟုလာကို ခေါ်ပေးပါ သားတော် . . .။”

မင်းသားလေး ရာဟုလာသည် ရဟန္တာအရှင်မြတ် ရှင်သာရိပုတ္တရာ၏ သင်္ကန်းစွန်းကို ဆွဲလျက် လိုက်ပါလာ၏။ မင်းကြီးက လက်နှစ်ဘက် ဆန့်တန်း၍ ရာဟုလာကို ကြိုလေရာ ရာဟုလာသည် ရှင်သာရိပုတ္တ၏ သင်္ကန်းစကို လွှတ်ကာ ဘုရားရှင်၏ ညောင်စောင်း နောက်ကွယ်သို့ သွားရောက်၍ ပုန်းလေ၏။

မင်းကြီးမှာ ပြုံးရမလိုလို မဲ့ရမလိုလို ဖြစ်သွားပြီး အကူအညီ တောင်းသည့်အနေဖြင့် ဘုရားရှင်၏ မျက်နှာတော်ကို ကြည့်လိုက်၏။

ဘုရားရှင်သည် ရာဟုလာကို ခေါ်တော်မူ၏။

“ရာဟုလာ . . . ငါ့ရှေ့ လာခဲ့ပါ။”

ရာဟုလာသည် ဘုရားရှင်၏ ရှေ့တော်မှောက်သို့ ထွက်လာခဲ့ပြီး ငိုနေ၏။

“ရာဟုလာ . . . ကလေးကို ရှာမတွေ့လို့ ကလေးအမေ ငိုနေပြီ။ ကလေး . . . ကလေးအမေဆီ သွားလိုက်ပါဦး။ ဘိုးဘိုးကြီးက ကလေးကို လာခေါ်တာ။ လိုက်သွားလိုက်ပါ။ မျက်ရည်တွေ သုတ်လိုက်ပါဦး။”

“ဘဘ ဘုန်းဘုရား . . .။ ဘုန်းဘုရားရဲ့ အရိပ်က အေးချမ်းပါတယ် ဘုရား။ ဘုန်းဘုရားရဲ့ အရိပ်ကို ခိုနေပြီး ဘုန်းဘုရား ဘယ်သွားသွား ဘုန်းဘုရားရဲ့ လက်ကိုဆွဲပြီး နောက်ကလိုက်နေချင်ပါတယ် ဘုရား။”

“မဟုတ်သေးဘူး ရာဟုလာ။ ကလေးကို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ ကလေးအမေရဲ့ အရိပ်က ပိုအေးရမှာ . . .။ ကလေးက ငယ်လွန်းသေးတယ်။ ပြုစုစောင့်ရှောက်မှုတွေ လိုအပ်နေသေးတယ်။”

“ဘဘ . . . သားလည်း လူကြီးဖြစ်လာမှာပဲပေါ့။”

“ဟုတ်ပါတယ် ရာဟုလာ။ ကလေးလည်း တစ်နေ့နေ့မှာ လူကြီး ဖြစ်လာမှာပေါ့။”

“ဘဘ ဘုန်းဘုရား . . . ဒါဆိုရင် . . . သား လူကြီးဖြစ်လာတော့ အေးချမ်းတဲ့ ဘုန်းဘုရားရဲ့ အရိပ်ကို လာခိုလို့ ရမလား။”

“ရာဟုလာ . . .။ အဲဒါတော့ ကလေးရဲ့ သဘောပေါ့။”

မင်းသားလေး ရာဟုလာသည် အဘိုးဖြစ်သူ သုဒ္ဓေါဒနမင်းကြီး၏ လက်ကိုဆွဲလျက် လိုက်ပါနေရင်း ဘုရားရှင်ဆီသို့ မကြာခဏ ပြန်လှည့်၍ ကြည့်နေ၏။ ဘယ်ဘက်လက်ဖြင့် မင်းကြီး၏ လက်ကို ဆွဲကိုင်ထားပြီး အဝေးမှာ ကျန်ရစ်ခဲ့သော ဘုရားရှင်ကို ညာဘက်လက်ဖြင့် ဝှေးရမ်းနှုတ်ဆက်လျက် ရှိနေလေ၏။

 (ဆက်ရန် . . . . .)

:) 
ရှင်အာစာရ


Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
ဆက်ဖတ်ရန်

Wednesday, September 5, 2012

တရားမင်းသခင် - ၂၈။ ရာဟုလောဝါဒ

ဘုရားရှင်သည် ခမည်းတော်မင်းကြီး၊ သာဝကြီး နှစ်ပါးတို့နှင့်အတူ နန်းဆောင်အတွင်းသို့ ၀င်တော်မူ၏။ ပြင်ဆင်ခင်းကျင်းထားသည့် နေရာ၌ ဘုရားရှင် ထိုင်တော်မူပြီးသောအခါ သုဒ္ဓေါဒနမင်းကြီးသည် ကြမ်းပြင်ပေါ်၌ သားငယ်ရာဟုလာနှင့်အတူ ထိုင်နေသည့် ယသောဓရာကို ညွှန်ပြလျက် ဘုရားရှင်အား လျှောက်ထား၏။

“သားတော်ဘုရား . . . သားတော်ဘုရား အနော်မာမြစ်ကမ်းမှာ အ၀ါရောင်သင်္ကန်း ဆင်မြန်းလိုက်ပြီလို့ သတင်းကြားတဲ့နေကစပြီး ဒီနေ့ထိအောင်ပဲ ယသောဓရာဟာ ၀တ်ကောင်းစားလှတွေ မ၀တ်တော့ဘဲ အ၀ါရောင်သင်္ကန်းနဲ့တူတဲ့ ၀တ်ရုံကြမ်းကြမ်းတွေပဲ ၀တ်ပါတော့တယ် ဘုရား . . .။ သားတော်ဘုရား ဝေသာလီမှာ ဒုက္ကရစရိယာ ကျင့်နေပြီလို့ ကြားရတော့လည်း သူက အစာမာတွေ မစားတော့ဘဲ အရည်ကိုသာ သောက်ပါတော့တယ်။ သားတော်ဘုရား အစာပြန်စားပြီလို့ ကြားရတော့မှ သူလည်း အစာပြန်စားတာပါ။ ကြီးကျယ်ခမ်းနားတဲ့ အိပ်ယာနေရာတွေကိုလည်း အသုံးမပြုတော့ပါဘူး။ အမွှေးနံ့သာတွေလည်း မလိမ်းမခြယ်တော့ပါဘူး။ အသားငါးလည်း မစားတော့ပါဘူး။ မှတ်မိပါသေးတယ် သားတော်ဘုရား . . . သူ့ဖခင်က သူ့ကိုပြန်ခေါ်မယ်၊ မင်းသားတစ်ပါးနဲ့ လက်ဆက်ပေးမယ်ဆိုတုန်းက သူ့ဖခင်ရှေ့မှာ ဒူးထောက်ပြီး ငိုနေရှာတာ . . .။ သားတော် ချန်ထားခဲ့တဲ့ ခြေနင်းတော်အစုံကို ရင်ခွင်မှာ ပွေ့ပိုက်ပြီး ငိုရှာတာ . . .။ အဲဒီ ခြေနင်းတော်ကို သူက မနက်တိုင်း မနက်တိုင်း ပန်းတွေနဲ့ပူဇော်ပြီး ရှိခိုးတာလေ။ သားတော်ကို လွမ်းလွန်းလို့ ခမည်းတော် ပူဆွေးရတယ် ငိုကြွေးရတယ် ဆိုရင်လည်း ခမည်းတော်ကို သူက နှစ်သိမ့်ရသေးတယ် . . .။ သားတော်အတွက် မပူဆွေးဖို့၊ သားတော်အတွက် ဆုတောင်းမေတ္တာသာ ပို့သဖို့ ခမည်းတော်ကို သူ သတိပေးရတာလည်း အကြိမ်တစ်ထောင် ဘယ်ကမလဲ။ သားတော် . . . ခုတော့ သားတော်အတွက် ခမည်းတော် ဂုဏ်ယူပါတယ်။ လူသားတွေအတွက် သားတော်က ကြီးမြတ်တဲ့ စွန့်လွှတ်စွန့်စားမှု ပြုခဲ့တယ်ဆိုရင် ယသောဓရာလို မိန်းမတစ်ယောက်ရဲ့ စွန့်လွှတ်အနင့်နာခံမှုဟာလည်း မြင့်မြတ်လှပါပေတယ် သားတော်ဘုရား . . .။”

“ခမည်းတော် . . .။ ယသောဓရာ သားတော်ကို ပါရမီဖြည့်ခဲ့တာဟာ ဒီတစ်ဘ၀တည်း မဟုတ်ပါဘူး။ ဘ၀များစွာ သံသရာမှာ ယသောဓရာဟာ သားတော်ရဲ့ ပါရမီဖြည့်ဖက် ဘ၀ဖော်တွေ အကြိမ်ကြိမ် ဖြစ်ခဲ့တာပါ။ သူဟာ မြင့်မြတ်သူပါ။ သူဟာ ကြီးမြတ်သူပါ။”

မိခင်၏ အနီး၌ရှိနေသော သားတော်လေး ရာဟုလာသည် ဘုရားရှင်၏ မျက်နှာတော်ကို တစ်ချိန်လုံး ငေးစိုက်ကြည့်နေ၏။ ရာဟုလာသည် တိတ်ဆိတ်ညင်သာစွာ မတ်တတ်ရပ်လိုက်ပြီး ဘုရားရှင်၏ ထံတော်ပါးသို့ တစ်လှမ်းချင်း တိုးသွား၏။ စကား တစ်ခွန်းမျှ မပြောဘဲ ဘုရားရှင်၏ သင်္ကန်းတော်ကို တို့ကိုင်ကြည့်လိုက်ပြီး ဘုရားရှင်၏ ဒူးတော်နှစ်ဘက်ပေါ်၌ လက်တင်ထားလျက် ဘုရားရှင်၏ မျက်နှာတော်ကို မော်ဖူးလိုက်၏။

“ကလေး ရာဟုလာ . . .။ ငါ့ အရိပ်ခိုရတာ သဘောကျသလား။”

“သဘောကျတာပေါ့ ဖေဖေ။”

ရာဟုလာ အလွန်အမင်း ပျော်ရွှင်နေသည်။ သူ ကြောက်လည်းမကြောက်ပေ။ စိတ်ထွေပြားမှုလည်း ကင်းနေ၏။ ဘုရားရှင်နှင့် ပို၍နီးအောင် တိုးကပ်လိုက်သည်။ ထို့နောက် ဘုရားရှင်၏ ဒူးတော်ပေါ် တင်ထားသည့်လက်ဖြင့် ဘုရားရှင်၏ လက်ခလယ်တော်ကို တို့ပုတ်ကြည့်ရင်း စိတ်ထဲမှာ ပြောနေ၏။

“လက်ချောင်းကြီးတွေ သန့်ရှင်းလိုက်တာ။ နူးညံ့လိုက်တာ။”

“ကလေး ရာဟုလာ . . . အေးချမ်းတဲ့ ငါ့အရိပ်မှာ ထာဝရ ခိုလှုံချင်တယ်ဆိုရင် ငါလို ရဟန်းပြုရလိမ့်မယ်။ ရဟန်းပြုဖို့ ဆိုတဲ့ကိစ္စကလည်း ကလေးအတွက် လွယ်တာမဟုတ်ဘူး။ ရဟန်းဘ၀ဆိုတာ နန်းတော်ထဲမှာ နေရတာလို သက်တောင့်သက်သာ မရှိဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေ ကြွယ်ဝတာ မဟုတ်ဘူး။ ခမည်းတော် မင်းကြီးကလည်း ကလေးကို ထီးရိုက်နန်းရာ လွှဲအပ်ဖို့ ဆန္ဒရှိနေတယ်။ ခမည်းတော် မင်းကြီးဆီက ထီးမွေနန်းမွေကို ခံယူမလား၊ ငါ့ဆီက ဓမ္မအမွေကို ခံယူမလားဆိုတာ ကလေး အရွယ်ရောက်မှပဲ ကလေး ကိုယ်တိုင် ရွေးခြယ်ဆုံးဖြတ်ရမှာပါ။ ဓမ္မအမွေကို ခံယူမယ်ဆိုရင်တော့ လေ့လာသင်ယူစရာတွေ အများကြီး မရှိပါဘူး။ ကျင့်ကြံစရာတွေကလည်း ရိုးရိုးရှင်းရှင်းတွေပါပဲ။ ထီးနန်းအမွေ ခံယူပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ် ဆိုရင်တော့ အများကြီး လေ့လာရလိမ့်မယ်။ တိုင်းကျိုးပြည်ကျိုး သည်ပိုးထမ်းရွက်တဲ့ နေရာမှာလည်း ပြုဖွယ်ကိစ္စတွေ အများကြီး ရှိလိမ့်မယ်။”

ရာဟုလာသည် ဘုရားရှင်ကို စကားတုံ့ပြန်ခြင်း မရှိဘဲ ဘုရားရှင်၏ မျက်နှာတော်ကို ငေးလျက်သာ ငြိမ်သက်စွာ နားထောင်နေ၏။ ဘုရားရှင်က ဆက်လက်၍ မိန့်တော်မူ၏။

“ရာဟုလာ . . . ကလေးက ငယ်သေးတော့ မင်းတို့ကျင့်ဝတ် ဆယ်မျိုးကို သိမယ်မထင်ဘူး။ ထီးနန်းအမွေ ခံယူတယ်ဆိုရင် ကျင့်သုံးတတ်အောင် မင်းကောင်းမင်းမြတ်တို့ရဲ့ အကျင့်ဆယ်မျိုးကို မှတ်သားထားပါ။ မင်းကောင်းမင်းမြတ်တို့ဟာ ဒါနကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ ရဟန်းပုဏ္ဏား သူတော်စင်တွေကို လှူဒါန်းကြတယ်။ ပရိစ္စာဂကျင့်ဝတ်ကို ကျင့်သုံးတဲ့ အနေနဲ့ အမှုထမ်းတွေကို လစာရိက္ခာ လုံလုံလောက်လောက် ပေးကြတယ်။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကိုလည်း ပေးကမ်းထောက်ပံ့ကြတယ်။ သီလ ဆောက်တည်ပြီးတော့ သီလကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ ဖြောင့်မတ်မှန်ကန်ခြင်း အဇ္ဇ၀ကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အပြောအဆို အပြုအမူ သိမ်မွေ့ခြင်း မဒ္ဒ၀ကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အခါအားလျော်စွာ ဥပုသ်သီတင်း ဆောက်တည်ပြီးတော့ တပကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အမျက်ဒေါသ မထွက်ဘဲ အက္ကောဓကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အ၀ိဟိံသန ကျင့်ဝတ်ကို ကျင့်သုံးတဲ့ အနေနဲ့ ရဟန်းရှင်လူ ပြည်သူတွေကို မနှိပ်စက်ကြဘူး။ မညှင်းဆဲကြဘူး။ သည်းခံခြင်း ခန္တီကျင့်ဝတ်ကို ဖြည့်ဆည်းကြတယ်။ ပြည်သူ့ဆန္ဒကို မဆန့်ကျင်ကြဘူး။ ဒါကတော့ အ၀ိရောဓန ကျင့်ဝတ်ပဲ။ ကလေးအနေနဲ့ ကျင့်ဝတ်ဆယ်မျိုးကို မှတ်သားဖို့ ခက်တယ်ဆိုရင် နောက်ဆုံးဖြစ်တဲ့ အ၀ိရောဓန ကျင့်ဝတ်ကိုပဲ မှတ်သားထားပါ။ အ၀ိရောဓန ကျင့်ဝတ်ကို ကျင့်နိုင်တယ်ဆိုရင် ကျန်တဲ့ကျင့်ဝတ်တွေကိုပါ ကျင့်သုံးပြီးသား ဖြစ်သွားပါလိမ့်မယ်။

နောက်ပြီးတော့ ရာဟုလာ . . . မင်းကောင်းမင်းမြတ်တို့ဟာ ရဟန်း ရှင် လူ ပြည်သူတွေ လှုပ်လှုပ်ရွရွ မဖြစ်ရလေအောင်၊ တိုင်းနိုင်ငံတော် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင်၊ နေပြည်တော် ငြိမ်ဝပ်ပိပြားအောင် စီမံပေးတတ်ကြတယ်။ နေပြည်တော်ကို အုပ်ချုပ်တဲ့အခါမှာ အကြမ်းမဖက်ကြဘူး။ ရာဇပရိယာယ် ကြွယ်ကြွယ်နဲ့ ပြည်သူတွေ ကိုယ့်ဘက်ပါအောင် သွေးဆောင်စည်းရုံး သိမ်းသွင်းနိုင်ကြတယ်။ ကြက်သားအုပ်မကြီးက ကြက်ကလေးတွေကို ရင်အုပ်မကွာ ကွပ်ကဲအုပ်ချုပ်သလို တိုင်းသူပြည်သားတွေကို အကြင်နာနဲ့ ဖိစီးပြီး အုပ်ချုပ်ကြတယ်။ ရှေးမင်းတွေရဲ့ ကျင့်ထုံးဟောင်း၊ လုပ်နည်းကောင်းတွေကို ကျင့်သုံးကြတယ်။ ရှေးကနည်းကောင်းတွေကို မပယ်ကြဘူး။ အခွန်အတုပ်လည်း အများကြီး မကောက်ကြဘူး။ ပြည်သူတွေ ပူပန်အောင် နှိပ်စက်တဲ့ အာဏာရှင်ဆိုးကြီးတွေ မဟုတ်ကြဘူး။ ပြည်သူကို သနားကြင်နာကြတယ်။

ရာဟုလာ . . . ကောင်းကင်မှာ သာနေတဲ့ တိမ်စင်လမင်းကြီးဟာ လောကကြီး အပေါ်မှာ အေးမြတဲ့ အလင်းဓာတ်တွေ ဖြန့်ချပေးနေတယ်။ လမင်းကြီးဟာ နေလို မပူဘူး။ အေးမြတယ်။ ကြယ်တွေရံတဲ့ လမင်းကြီးဟာ ကျက်သရေရှိတယ်။ အလားတူပဲ မင်းကောင်းမင်းမြတ်တို့ဟာလည်း တိုင်းနေပြည်တော် အပေါ်မှာ လမင်းလိုကျင့်ကြတယ်။ ကြယ်ရံတိမ်စင် လမင်းကြီး တင့်တယ်သလို မတ်ပေါင်းရံတဲ့ မင်းကောင်းမင်းမြတ်တွေဟာ တင့်တယ်ကြတယ်။ တိုင်းပြည်ကို ပွင့်လင်းစေကြတယ်။ စည်ပင်ကြီးပွားစေကြတယ်။ ကိုယ့်တိုင်းပြည်ထောင်ကို ကိုယ့်ဟာကိုယ် ပြန်ပြီး ကန့်သတ်ပိတ်ဆို့ မထားကြဘူး။ တိုင်းတစ်ပါးမင်းတို့ရဲ့ ၀ိုင်းပယ်ပိတ်ဆို့ခြင်း၊ ငြင်းပယ်ဒဏ်ခတ်ခြင်းကိုလည်း မခံကြရဘူး။  ပြည်သူလူထုကရော ကမ္ဘာ့လူထုကပါ ‘ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ’လို့ ချီးကျူးထောမနာ အပြုခံရကြတယ်။

ရာဟုလာ . . . မှတ်သားစရာတွေ များနေပြီလား။ လိုရင်းမှတ်ဖို့က လွယ်ပါတယ်။ တိုင်းသားပြည်သူ ရဟန်းရှင်လူတွေကို ကျောသားရင်သား မခွဲခြားဘဲ သနားကြင်နာဖို့နဲ့ တိုင်းသားပြည်သူ ရဟန်းရှင်လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပါပဲ။”

နှုတ်ဆိတ်နေသူ ရာဟုလာသည် စိတ်ဝင်တစား နားထောင်နေ၏။ ယသောဓရာလည်း နှစ်ထောင်းအားရစွာ နားထောင်လျက်ရှိနေသည်။ သုဒ္ဓေါဒန မင်းကြီးကား ဘုရားရှင်၏ စကားဝါကျ တစ်ခုတစ်ခု ဆုံးတိုင်းဆုံးတိုင်း ခေါင်းတညိတ်ညိတ် ရှိနေလေတော့၏။
:)
ရှင်အာစာရ



ကျမ်းညွှန်းမှတ်စု
------------------
ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇ၀ံ မဒ္ဒ၀ံ တပံ။
အက္ကောဓံ အ၀ိဟိံသဉ္စ၊ ခန္တိဉ္စ အ၀ိရောဓနံ။
(မဟာဟံသဇာတက၊ အသီတိနိပါတ စသည်။ CSCD)
---
"ခပ်သိမ်းပြည်သူ၊ ရဟန်းလူကို၊ သိမ်းမြန်းပိုက်ထုပ်၊ ကြက်သားအုပ်သို့၊ မလှုပ်စေကြောင်း၊ ဖြည့်ဖြားယောင်းလျက်၊ ကျင့်ဟောင်းမလွန်၊ တုတ်ခွန်မပြင်း၊ သနားခြင်းဖြင့်၊ နှိပ်နင်းကလူ၊ မပူစေရ၊ ကွပ်ဆုံးမလျက်၊ ထွန်းပပြောင်ပြောင်၊ မိုးထက်ခေါင်နှိုက်၊ အရောင်ချမ်းလွန်၊ လဗိမာန်လျှင်၊ ပူပန်မရှိ၊ ငြိမ်းလေဘိသို့၊ ကြယ်တိရံကာ၊ တင့်တယ်စွာသား၊ ပမာပုံသင့်၊ လနှယ်ကျင့်၍၊ လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျက်။     ။ လူများကောင်းချီးတွန်စေမင်း။"
[ကန်တော်မင်းကျောင်းဆရာတော်
(ရတနာပူရ ပြည်အင်းဝတွင် ဒုတိယမင်းခေါင်း၏ အရီးတော်ဆရာ)
စာ - ၁၀ - ၁၁၊ "လောကသာရပျို့ "က၀ိမျက်မှန်စာပုံနှိပ်တိုက်၊ ၁၉၄၇]
---
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
ဆက်ဖတ်ရန်

Wednesday, August 29, 2012

မယားလေးယောက်



လွန်ခဲ့တဲ့ နှစ်ဆယ့်တစ်ရာစု အဦးပိုင်း ကာလတုန်းကပေါ့ . . .။ သမ္ဗာဓဓာဝနနေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းတော်မူတဲ့ ဒသသတသဟဿကဉ္စနမင်းကြီး လူကြီးရောဂါနဲ့ အိပ်ယာထဲ လဲနေချိန်မှာ မင်းတိုင်ပင် အမတ်ကြီးတွေက အိမ်ရှေ့ဥပစာ  သတသဟဿဝဇီရမင်းသားကြီးကို ထီးနန်းလွှဲအပ်လိုက်ကြသတဲ့။ ဒါကို ဒသသတသဟဿကဉ္စနမင်းကြီးကလည်း ၀မ်းမြောက်ဝမ်းသာ သဘောတူသတဲ့။ ဒီလိုနဲ့ သတသဟဿဝဇီရမင်းကြီး ထီးနန်းစိုးစံတော်မူချိန်မှာ ဘောဂ၀တီ ဦးလျောင်ဂွမ်းဆိုတဲ့ စီးပွားရေးသမားကြီး တစ်ယောက်ဟာ နေပြည်တော်အတွင်းမှာ အကြွယ်ဝဆုံး သူဌေးကြီးအဖြစ် ထင်ရှားသတဲ့။ အဲဒီ သူဌေးကြီးမှာ “ဒေါ်ကမ္မ၀ါဒီ၊ ဒေါ်ဂဟပတာနီ၊ ဒေါ်ဓန၀တီ နဲ့ ဒေါ်ယသ၀တီ”ဆိုတဲ့ မယားလေးယောက် ရှိသတဲ့။

[အဲဒီခေတ်က ပါဠိစာပေ ထွန်းကားတဲ့ခေတ်မို့ တိုင်းပြည်နာမည် မင်းနာမည် လူနာမည်အပါအ၀င် နာမည်အများစုကို ပါဠိလို မှည့်ခေါ်ကြသတဲ့။ နေပြည်တော် အတွင်းက အဂ္ဂါဘိဓဇမဟာဝိဇ္ဇာလယ ပါဠိတက္ကသိုလ်ကြီးဟာ ကမ္ဘာမှာ အထူးထင်ရှား ကြော်ကြားသတဲ့။ နိုင်ငံတကာမှာ တက္ကသိုလ်ကြီးနဲ့ ချိတ်ဆက်ထားတဲ့ လက်အောက်ခံ ပါဠိကောလိပ်ပေါင်း ရှစ်သောင်းလေးထောင်ကျော် ရှိသတဲ့။ နိုင်ငံခြားသာသနာပြု ရဟန်းတော်တွေရဲ့ စွမ်းဆောင်မှုကြောင့် မဇ္ဈိမဒေသ၊ ဂေါယာန၊ အပရဂေါယာန၊ စိနရဋ္ဌ၊ မလယ၊ သီဟပူရ အစရှိတဲ့ တိုင်းတစ်ပါး နိုင်ငံတွေမှာလည်း ပါဠိစာပေ ထွန်းကားပြန့်ပွားနေသတဲ့။ အင်တာနေရှင်နယ် ပါဠိသင်တန်း၊ အပြည်ပြည်ဆိုင်ရာ ပါဠိသင်တန်း၊ ဂလိုဘယ် ပါဠိသင်တန်း၊ ယူနီဗာဆယ် ပါဠိသင်တန်း စတဲ့ ပါဠိသင်တန်းတွေ  လုံလုံလောက်လောက် ရှိနေလို့ ပါဠိစာပေကို စိတ်ဝင်စားသူတွေ အလွယ်တကူ လေ့လာနိုင်ကြသတဲ့။ မဇ္ဈိမဒေသ သာသနာပြု ရဟန်းတစ်ပါးဟာ သောကြာ စေတန် ယူရေးနပ်ဆိုတဲ့ ဂြိုလ်ကြီးသုံးလုံးအထိ သွားရောက်ပြီး ပါဠိစကားပြောသင်တန်းတွေ ဖွင့်လှစ်နိုင်စွမ်း ရှိသတဲ့။ လကမ္ဘာမှာ သူ သွားရောက်ဖွင့်လှစ်မယ့် ပါဠိစကားပြောသင်တန်းကတော့ အကျိုးမရှိလှဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပါဠိတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ကြီး ဒိဗ္ဗသောတအဘိညာဏ ရှင်အာစာရ အရှင်သူမြတ်က ကန့်ကွက်လိုက်လို့ အစီအစဉ် ပျက်ခဲ့ရသတဲ့။ ဒါက စကားညှပ်ပါ။]

သူဌေးကြီးဟာ သီးသန့်အိမ်တစ်ဆောင်စီ ပေးထားတဲ့ မယားလေးယောက်နဲ့ တစ်နှစ်မှာ သုံးလစီ အလှည့်ကျ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်ပါသတဲ့။ တစ်နေ့တော့ သူဌေးကြီးဟာ Advanced Immigration Disorderly Systemized  (AIDS)ဆိုတဲ့ ခေတ်ပေါ်ရောဂါဆိုးတစ်မျိုး ကူးစက်ခံရပြီး သေလုမျောပါးနဲ့ အိပ်ယာထဲ လဲပါလေရောတဲ့။ အဲဒီတော့ မကြာခင်က လက်ထပ်ယူခဲ့တဲ့ အငယ်ဆုံး မယားလေး ဒေါ်ယသ၀တီကို သူ့အနားမှာ နေပေးပြီး သူ့ကို ပြုစုဖို့ လူမမာ သူဌေးကြီးက ခေါ်ထားလိုက်သတဲ့။ အစွမ်းကုန် ပြုစုပေးနေတဲ့ မယားလေးကို လူမမာ သူဌေးကြီးက ပြောသတဲ့။ ကဗျာဆန်ဆန် သွယ်သွယ်လျလျ ချောမောလှပ ပြေပြစ်တဲ့ မယားလေးကို လက်နဲ့ အားယူပုတ်လိုက်ပြီး လေသံသဲ့သဲ့ နုံ့နုံ့ယဲ့ယဲ့လေးနဲ့ နွဲ့နွဲ့ကြီး ပြောသတဲ့။
“ညီမ . . . ကိုကြီးတော့ တစ်ရက်နှစ်ရက်အတွင်း သေရတော့မယ်။ သွားရတော့မယ် . . .။ ညီမကို ထားခဲ့ရတော့မယ် . . .။ မင်းမရှိလို့ မဖြစ်ဘူး . . .။ ကိုကြီးနဲ့ အတူလိုက်ခဲ့ပါလား . . .။”

ဖြူစင်ဝင်းမွတ်တဲ့ အလှပဂေးမလေး ဒေါ်ယသ၀တီက ပြန်ပြောသတဲ့။
“မဟုတ်တာ . . .။ နေခဲ့မှ ဖြစ်မယ်။ ကိုကြီးရဲ့ အသုဘ အခမ်းအနားမှာ ကိုကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို လူသိရှင်ကြား ပြောပေးမယ်လေ။ ဒါပဲ လုပ်ပေးနိုင်မယ်။”
ဒေါ်ယသ၀တီဟာ ပြောပြောဆိုဆိုနဲ့ အခန်းထဲက ခပ်သုတ်သုတ် ထွက်သွားသတဲ့။

ဒေါ်ယသ၀တီရဲ့ အေးစက် မာကြော ပြတ်သားတဲ့ တုံ့ပြန်ချက်က သူဌေးကြီးရဲ့ နှလုံးသားကို ဓားနဲ့ထိုးလိုက်သလို ဖြစ်သွားသတဲ့။ သူကတော့ အငယ်ဆုံး အလှဆုံး အချစ်ဆုံးမို့ အရေးပေးခဲ့လိုက်ရတာ . . .။ သွားလေရာရာ တစ်ဖ၀ါး မကွာ . . .။ ဧည့်ခံပွဲတွေ ဖျော်ဖြေပွဲတွေအစ စီးပွားရေး ကုန်စည်ပြပွဲတွေအဆုံး ပွဲသဘင် အားလုံးမှာ . . .။ နောက်ဆုံး အပြင်လူ ၀င်ခွင့်မရတဲ့ ထိပ်သီးစည်းဝေးပွဲတွေမှာတောင် အထူးကိုယ်ရေး အရာရှိ တစ်ယောက်လို . . .။ အဲဒီ အချစ်တုံးလေးက ခုတော့ . . .။

ဒါနဲ့ အရွယ်လတ်ပိုင်း တတိယမယား ဒေါ်ဓန၀တီကို ခေါ်ပေးဖို့ အစေခံတစ်ယောက်ကို အမိန့်ပေးလိုက်သတဲ့။ ဒီမယားကို လက်ထပ်ခွင့်ရဖို့ သူဌေးကြီး အသည်းအသန် ကြိုးစားခဲ့ရတာတဲ့။ ဒါပေမယ့် ထိုက်တန်တယ် ပြောရမယ်။ ဒေါ်ဓန၀တီက သူဌေးကြီးကို ပျော်ရွှင်ချမ်းမြေ့ခြင်းတွေ ပေးဆက်နိုင်ပါသတဲ့။ ဘာမဆို မငြိငြင်ရအောင် သဌေးကြီး လိုသမျှ စိတ်တိုင်းကျအောင် စီမံပေးသတဲ့။ ‘တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှပိုင်ရှင်မလေးကို ရထားတာ ကံကောင်းလိုက်တာ’လို့လည်း အပေါင်းအသင်း ဆွေမျိုးသားချင်းတွေက မကြာခဏ ချီးကျူးထောမနာ ပြုကြသတဲ့။ နောက်ပြီး ဣနြေ္ဒရှင် မဖုရားဟာ လင်သားအပေါ် အထူး သစ္စာစောင့်သိပါသတဲ့။ ဒေါ်ဓန၀တီနဲ့ ပေါင်းသင်းနေထိုင်ချိန်တွေဟာ သူဌေးကြီးအတွက် လေးနက်တည်ငြိမ်တဲ့ ဘ၀အဓိပ္ပာယ်ကို နားအလည်နိုင်ဆုံး အချိန်တွေ ဖြစ်ခဲ့ပါသတဲ့။

အမိန့်တော်မြတ်အတိုင်း အမြန်ရောက်ရှိလာတဲ့ ဒေါ်ဓန၀တီရဲ့ ဖယောင်းသား လက်ချောင်းလေးတွေကို တင်းတင်းဆုပ်ကိုင်ထားရင်း သူဌေးကြီးက ပြောသတဲ့။
“ခင်ရယ် . . . ကိုယ်တော့ တစ်ရက်နှစ်ရက်အတွင်း သေရတော့မယ် . . .။ မင်းနဲ့ခွဲရရင် ကိုယ်တော့ အထီးကျန်ပြီပေါ့ . . .။ ကိုယ်နဲ့အတူ လိုက်ခဲ့ပါလား . . .။”

ခံစားချက် ကင်းမဲ့တဲ့ အမူအယာနဲ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ဒေါ်ဓန၀တီ ဖြေလိုက်တာက . . .
“လုံးဝကို မဖြစ်နိုင်ပါဘူး ရှင် . . .။ ဒါမျိုး တစ်ခါမှ မကြုံးဖူးဘူး။ ဆွေမျိုးတွေ မိတ်ဆွေတွေ အားလုံးကို ဖိတ်ကြားပြီး ရှင့်ရဲ့ အသုဘကို အခမ်းနားဆုံးဖြစ်အောင် လုပ်ပေးမယ်လေ။ ဧည့်သည်တွေကို ဖွယ်ဖွယ်ရာရာ ဧည့်ခံ ကျွေးမွေးမယ်။ ဘွဲ့တံဆိပ်တော်ရ ထေရ်ကြီးဝါကြီး သံဃာတော် အပါးတစ်ထောင်ကို သရဏဂုံတင်ပေးဖို့ ပင့်ဖိတ်ပြီး တစ်ပါးတစ်ပါးကို သိန်းတစ်ထောင်တန် န၀ကမ္မ လှူဒါန်းမယ်။ ရှင့်အတွက် အမျှဝေမယ်။ အသုဘ ပြီးရင်တော့ တာ့တာပဲ။ သားသမီးတွေကလည်း ရှိသေးတယ် . . .”တဲ့။

သူဌေးကြီးဟာ ဟိုတွေးဒီတွေး တွေးနေရင်း စိတ်မချမ်းမသာဖြစ်ပြီး ရောဂါပိုတိုးလာသတဲ့။
“အော် . . . ငါမရှိတဲ့နောက်မှာ ဓန၀တီဟာ ပိုင်ရှင်သစ်ရဲ့ ရင်ခွင်သစ်မှာ . . . . . .”

ဒါနဲ့ စိတ်နာနာနဲ့ ဒေါ်ဓန၀တီကို မောင်းထုတ်လိုက်ပြီး ဒုတိယမယား ဒေါ်ဂဟပတာနီကို ဆင့်ခေါ်လိုက်သတဲ့။ ဒေါ်ဂဟပတာနီဟာ အလှအပ အနေနဲ့ ဆွဲဆောင်မှု သိပ်မရှိလှပေမယ့် သူဌေးကြီး အယုံကြည်ရဆုံး စိတ်အချရဆုံး အရင်းနှီးဆုံး ဖြစ်သတဲ့။ ဒေါ်ဂဟပတာနီနဲ့ သူဌေးကြီးတို့ ပေါင်းသင်းလာခဲ့တဲ့ အချိန်ကလည်း ကြာပြီကိုး။ သူဌေးကြီး အခက်အခဲ ပြဿနာတွေ ကြုံရတိုင်း ဒေါ်ဂဟပတာနီက မညီးမငြူ ကူညီပေးသတဲ့။ သူဌေးကြီး လိုအပ်တဲ့ အခါတိုင်း ဒေါ်ဂဟပတာနီက အဆင်သင့် ဖြစ်နေသတဲ့။ ဒေါ်ဂဟပတာနီရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံဉာဏ်ကောင်းတွေကြောင့် ပြေလည်သွားတဲ့ ပြဿနာတွေ အများကြီး ရှိသတဲ့။ ရေးကြီးသုတ်ပျာ ရောက်လာတဲ့ ဒေါ်ဂဟပတာနီရဲ့ ဖော်ရွေတဲ့ မျက်လုံးတွေကို ငေးကြည့်ရင်း သူဌေးကြီးက ပြောသတဲ့။
“အချစ်ရယ် . . .။ တစ်ရက် နှစ်ရက်အတွင်း ကိုယ်သေရတော့မယ် . . .။ သေပြီဆိုရင် ကိုယ်တော့ အထီးကျန် ဖြစ်တော့မှာပဲ . . .။ ကိုယ် အဖော်ရအောင် မင်း ကိုယ်နဲ့လိုက်ခဲ့ပါ နော် . . .။”

ဒေါ်ဂဟပတာနီက တောင်းတောင်းပန်ပန် ပြန်ပြောသတဲ့။
“၀မ်းနည်းပါတယ် ရှင် . . .။ ကျွန်မလည်း တကယ့်ကို ကြေကွဲရပါတယ် . . .။ ဒါပေမယ့် ရှင့်နောက်တော့ မလိုက်နိုင်လို့ပါ . . .။ ကျွန်မ သင်္ချိုင်းထိပဲ လိုက်ပို့နိုင်မှာ . . .။ ဒါထက်တော့ မပိုနိုင်တော့ပါဘူး ရှင် . . .။”

ဒီလိုနဲ့ သူဌေးကြီးဟာ မသေခင်ကဘဲ အထီးကျန် ဖြစ်နေတော့သတဲ့။ ၀မ်းနည်းပက်လက်နဲ့ နောက်ဆုံး ပထမမယားဖြစ်တဲ့ ငယ်ပေါင်းကြီး ဒေါ်ကမ္မ၀ါဒီကို ခေါ်လိုက်ပြီး သူ့နောက်လိုက်ခဲ့ဖို့ တောင်းပန်သတဲ့။
“ရှင်မရယ် . . .။ တစ်ရက် နှစ်ရက်အတွင်း ကိုယ် သေရတော့မယ်။ ဒီခရီးကို ကိုယ်တစ်ယောက်တည်း သွားရမှာ။ ကိုယ့်ကို သနားပါအုံး။ ကိုယ်အဖော်ရအောင် ကိုယ်နဲ့အတူ လိုက်ခဲ့ပါနော် . . .။”

မတုန်မလှုပ် ခံစားချက်ကင်းကင်း တည်တည်ငြိမ်ငြိမ်နဲ့ ဒေါ်ကမ္မ၀ါဒီက ပြောသတဲ့။
“လိုက်မှာပေါ့ မောင်ရယ် . . . မောင်နဲ့ကျွန်မက သံသရာလက်တွဲဖော်တွေပဲ . . .။ မိကမ္မဟာ . . . မောင့်ရဲ့ စစ်မှန်တဲ့ ဘ၀ဖော်ပါ။ ဘာမှ အားမငယ်ပါနဲ့ မောင်ရယ် . . .။”

ဒေါ်ကမ္မ၀ါဒီဟာ သူဌေးကြီးအတွက် အပေးဆပ်နိုင်ဆုံး ငယ်ပေါင်း မယားကြီးပေါ့။ သူတို့ဟာ သက်တူရွယ်တူ ငယ်ဖော်ကစားဘက် ကျောင်းနေဘက် သူငယ်ချင်းတွေလည်း ဖြစ်ကြသတဲ့။ အရွယ်ရောက်လာတော့ သူတို့ချင်း ချစ်ကြကြိုက်ကြပြီး မိဘဆွေမျိုး အသိုင်းအ၀ိုင်းကလည်း သဘောတူလို့ လက်ထပ်ပေါင်းသင်းခဲ့ကြသူတွေပါတဲ့။ ဒါတင် မကဘဲ သူဌေးကြီးရဲ့ အရာရာဟာ ဒီမယားကြီးကြောင့် ဖြစ်ပေါ်လာရတာပါတဲ့။ သူဌေးကြီးရဲ့ ချမ်းသာကြွယ်ဝမှုတွေ အောင်မြင်မှုတွေ ကြော်ကြားမှုတွေ ခမ်းနားထည်ဝါမှုတွေ ဖြစ်ပေါ်လာအောင် နဲ့ ခိုင်ခိုင်မာမာ တည်တံ့နေအောင် ဒေါ်ကမ္မ၀ါဒီက နောက်ကွယ်ကနေ ပံ့ပိုးကြိုးကိုင် ပေးနေရတာပါတဲ့။ သူဌေးကြီးရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဒေါ်ကမ္မ၀ါဒီရဲ့ မိဘအမွေ ပစ္စည်းတွေ ရင်းနှီးမြှုပ်နှံထားတာဟာ ပိုင်ဆိုင်မှု အားလုံးရဲ့ တစ်ဝက်ကျော်ကျော် ပါဝင်ပါသတဲ့။ ဒါပေမယ့် လုပ်ငန်းတွေ အရှိန်မြင့်မြင့်နဲ့ အောင်မြင်လာပြီး သူဌေးကြီးလည်း နေပြည်တော်အတွင်း ကြော်ကြားလာချိန်မှာတော့  မယားကြီး ဒေါ်ကမ္မ၀ါဒီဟာ တဖြည်းဖြည်း မျက်ကွယ်ပြု ချောင်ထိုးခံခဲ့ရပါသတဲ့။ အထူးသဖြင့် တတိယမယား ဒေါ်ဓန၀တီ၊ စတုတ္ထမယား  ဒေါ်ယသ၀တီတို့နဲ့ လက်ထပ်ပြီးချိန်မှာ သူဌေးကြီးရဲ့ စိမ်းကားမှုတွေက လူသိရှင်ကြား ပေါ်ပေါ်ထင်ထင်ကြီး ဖြစ်လာခဲ့ပါသတဲ့။ ဒါပေမယ့် ဒေါ်ကမ္မ၀ါဒီကတော့ သူဌေးကြီးကို မေတ္တာမပျက်နိုင်ပါဘူးတဲ့။ နောက်ဆုံး သူဌေးကြီးနဲ့ တွဲလက်မဖြုတ်ဘဲ သူဌေးကြီးနဲ့အတူ ရဲရဲကြီး သေပွဲဝင်သွားပါသတဲ့ . . .။

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်မှာ ပါတဲ့ မယားလေးယောက်ဆိုတာ တကယ့်သက်ရှိလူသားတွေ မဟုတ်ကြပါဘူး။ “ဒေါ်ကမ္မ၀ါဒီ၊ ဒေါ်ဂဟပတာနီ၊ ဒေါ်ဓန၀တီ နဲ့ ဒေါ်ယသ၀တီ”ဆိုတဲ့ မယားလေးယောက်ဟာ အစဉ်အတိုင်း “ကံတရား၊ မိသားစု၊ စည်းစိမ်ဥစ္စာ နဲ့ အောင်မြင်ကြော်ကြားမှု”တို့ ဖြစ်ကြပြီး လူတိုင်းလူတိုင်း ဒီမယားလေးယောက် ရှိကြတယ်လို့ ပုံပြောဆရာက ဆိုပါတယ်။ ဘယ်မယားကို ဦးစားပေးကြမလဲ။ အချိန်ရရင် ပုံပြင်ကို နောက်တစ်ခေါက် ပြန်ဖတ်ပါ။

:)
ရှင်အာစာရ

Ref: pp 218-9, The man with four wives, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies
Picture from (12 May 2011): http://www.osnatfineart.com/
ဆက်ဖတ်ရန်

Monday, July 30, 2012

တရားမင်းသခင် - ၂၇။ ခြေတော်အစုံ ဦးခိုက်လျက်

ဘုရားရှင် ကြွတော်မူလာလိမ့်မည်ဟု ကြားသိထားသော ယသောဓရာသည် နေထွက်ချိန်ကတည်းက ပြတင်းပေါက်မှနေ၍ လမ်းမဆီ မျှော်ငေးနေ၏။ ဘုရားရှင်နှင့် တပည့်သား သံဃာတော်များ ရောက်လာချိန်၌ အတော်အတန်ပင် နေမြင့်နေလေပြီ။ လမ်းမတလျှောက် ကြွတော်မူလာသည့် ဘုရားရှင်ကို မြင်လိုက်ရသော ယသောဓရာ ပီတိသောမနဿ ဖြာသွား၏။ ယသောဓရာ တစ်ယောက်တည်း ရေရွတ်နေလေသည်။

“အို . . . အရှင်ဟာ . . . ကောင်းကင်ပြာထဲက ကြယ်တာရာ ခြံရံတဲ့ လမင်းကြီးလို ပါပဲလား . . .။”

“မေမေ . . . ဘာလဲ”ဟု ယသောဓရာ၏ အနီး၌ ကစားနေသော ခုနစ်နစ်အရွယ် သားငယ်လေး ရာဟုလာက အပြစ်ကင်းသည့် လေသံဖြင့် မေး၏။

“သား . . . မင့်ဖေဖေပေါ့။ ဒီမှာ မင့်ဖေဖေ။ သား လာလာ။ သား မြင်ရအောင် သားကို မေမေ ပွေ့ထားမယ်။ ကြည့်စမ်း။ သား မြင်လား။ အ၀ါရောင် အတန်းရှည်ကြီးရဲ့ ရှေ့ဆုံးကနေ လျှောက်လာနေတာ မင့် ဖေဖေပဲ။ အဲဒါ မင့်ဖေဖေပဲ။”

သိတတ်စ အရွယ်ကတည်းက ဖခင်ကို မမြင်ဖူးသေးသူ ရာဟုလာက မှတ်ချက်ချ၏။

“မေမေ . . . သူတို့က ဘုန်းဘုရားတွေပဲ။”

“ဟုတ်ပါ့။ ရှေ့ဆုံးက မင့်ဖေဖေ ဗုဒ္ဓရှင်တော်လေ။”

ယသောဓရာသည် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်မြူးတူးနေ၏။

“မေမေ . . . သားဖေဖေ ဘုန်းဘုရားက သားတို့ကို လာတွေ့တာလား။”

“သား . . . အေးကွယ် . . . မေမေနဲ့သားကို တွေ့ဖို့ သူ ဒီကို လာချင်လာမှာပါ . . .။”

သန့်စင်လင်းလက် အနှောင်အတွယ်မဲ့၍ ကြည်လင်ချမ်းမြေ့သော ဘုရားရှင်၏ မျက်နှာတော်ကို ယသောဓရာ မြင်နေရ၏။ ရာပေါင်းများစွာသော ရဟန်းတော်တို့ ဘုရားရှင်၏ နောက်တော်ပါးမှ လိုက်ပါလျက် ရှိနေသော်လည်း မည်သည့်ရဟန်းတော်ကိုမှ ယသောဓရာ မကြည့်ပေ။ ယသောဓရာ မြတ်နိုးခဲ့ရသော ယခုတိုင်လည်း မြတ်နိုးရဆဲဖြစ်သော လမ်းမတလျှောက် လျှောက်လာနေသည့် ဤ ယောက်ျားမြတ် နန်းတော်တွင်းသို့ ၀င်လေရာ ယသောဓရာ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားစဉ် ယသောဓရာ၏ ရင်ဝယ် ရုတ်တရက် စူးစူးရှရှ ဆို့ဆို့နင့်နင့် ခံစားလိုက်ရ၏။ ယသောဓရာသည်  နာကျင်သည့် ရင်တွင်းဝေဒနာ ပြင်းလွန်းသည်ဖြစ်၍ သားတော်လေးကို ပွေ့လျက်နှင့် ပုံလျက်သား လဲကျသွားပြီး ရှိုက်ကြီးတငင် ကျယ်လောင်စွာ ငိုလေ၏။

“မေမေ . . .။ မငိုပါနဲ့။ မေမေ . . .။ သားတို့ဆီကိုလည်း ဖေဖေ လာမှာပါ။”

သားငယ်လေး ရာဟုလာသည် မိခင်၏ ပါးပြင်ပေါ်မှ မျက်ရည်များကို သုပ်ပေးနေရင်း မိခင်ကို နှစ်သိမ့်နေ၏။

“မေမေ . . .။ ဘာလို့ ငိုတာလဲ . . .။”

 ရာဟုလာလေး၏ မျက်လုံးတို့၌လည်း မျက်ရည်များ ပြည့်လျှမ်းလာ၏။ သူ့အသက်ထက် ပို၍ပင် တွယ်တာခုံမင် ချစ်ခင်ရသူ မိခင်၏ သောကကို ကူးယူ ခံစားလိုက်ရ၍ ရာဟုလာလည်း ငိုလေ၏။ ရာဟုလာ၏ ပါးပြင်တို့၌ မျက်ရည်ဖြိုင်ဖြိုင် စီးကျလျက် ရှိနေသည်။

“မငိုနဲ့ သား . . .။ မငိုပါနဲ့ သားရယ် . . .။”

ယသောဓရာသည် ငိုရှိုက်မှုကို ထိန်းချုပ်ရင်း သားငယ်၏ ဦးခေါင်းကို ဖွဖွ ပွတ်ပေးနေ၏။

“သားက ဘာဖြစ်လို့ ငိုရတာလဲ . . .။”

“မေမေငိုလို့ သားလည်း ငိုတာပေါ့။ မေမေက ဘာဖြစ်လို့ ငိုတာလဲ။”

“သား . . . ဒီသောကကို မေမေ မျိုသိပ်ခဲ့ရတာ ခုနစ်နစ် ရှိပြီ . . . ။ . . . မင့်ဖေဖေ ပြန်လာပြီ။ ဒါပေမယ့် ဒီမှာနေဖို့ ပြန်လာတာ မဟုတ်ဘူး။ သားရယ် . . . သူက မေမေတို့ကို ထားခဲ့ပြီး ပြန်ထွက်သွားအုံးမှာ . . .။ အဲဒါကြောင့် မေမေ ငိုမိတာ . . .။”

ယသောဓရာသည် အိပ်ခန်းဆောင်သို့ ၀င်လိုက်ပြီး အိပ်ယာထဲ၌ သားလေးရာဟုလာကို ပွေ့ပိုက်ထားရင်း ငိုနေ၏။ ယသောဓရာ၏ အိပ်ခန်းထဲသို့ ကျွန်မ ခုဇ္ဇုတ္တရာ အပြေးအလွှား ၀င်ရောက်လာသည်။

“အရှင်မ . . . မင်းသမီး . . .။ ထပါ ထပါ။ ထပါ အရှင်မ။ မျက်ရည်တွေ သုတ်လိုက်ပါ။ သူ လာနေပြီ။ သူ လာနေပြီ . . .။”

ယသောဓရာသည် အိပ်ယာထဲမှ ခုန်ထွက်လိုက်ပြီး မျက်ရည်သုတ်ကာ ရာဟုလာကိုပင် မေ့ထားခဲ့ပြီး အရူးမ တစ်ယောက်ကဲ့သို့ အောက်ထပ်သို့ ဆင်းပြေး၏။ ထို့နောက် တံခါးဝ၌ ရပ်လျက် နန်းရှေ့ကွင်းပြင်ဆီ ငေးမျှော်ကြည့်နေ၏။

“ဟုတ်တယ် . . . သူပဲ။ မိယသော်နဲ့ မတွေ့တာ ခုနစ်နှစ် ကြာပြီဖြစ်တဲ့ သူပဲ။ မိယသော် အသက်ထက် ပိုပြီးတော့ ချစ်ခဲ့ရတဲ့ သူပဲ။ သဲဖြူခင်းထားတဲ့ နန်းရှေ့ကွင်းပြင်ကို သူ ဖြတ်လျှောက်လာနေပြီ။ သူ့မျက်နှာဟာ ဆီးနှင်းတိမ်တိုက်ထဲက ထွက်ပေါ်လာတဲ့ လမင်းကြီးလိုပါပဲလား . . .။”

တွေးငေးနေသူ ယသောဓရာသည် အ၀ါရောင် ၀တ်ရုံကို ၀တ်ဆင်ထား၏။ အပေါ်ရုံ စုလျားကိုကား မခြုံမိခဲ့ပေ။ ကြီးမားနက်ရှိုင်းသည့် ဂေဟဿိတ သံယောဇဉ်ကြောင့် အရူးတစ်ပိုင်း ဖြစ်နေသူ ယသောဓရာသည် ကွင်းပြင်ကို ဖြတ်၍ ဘုရားရှင်ထံသို့ ပြေးလေ၏။ နောက်ဆုံး၌ လက်ခြေပြတ်သည့် တွားသွားသတ္တ၀ါ တစ်ကောင်ကဲ့သို့ ဘုရားရှင်၏ ရှေ့တော်မှောက်၌ လဲကျသွားပြီး ဘုရားရှင်၏ ခြေတော်အစုံကို နမ်းရှုပ်နေလေ၏။

ရဟန္တာအရှင်မြတ် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့သည် ဘုရားရှင်၏ နောက်တော်ပါးမှာ ရှိနေကြ၏။ သုဒ္ဓေါဒန မင်းကြီးသည် ဘေးမှာ ရှိနေ၏။ အစပထမ၌ ရာဟုလာကလေးသည် ဘုရားရှင်၏ ထံတော်ပါးသို့ ချဉ်းကပ်ရန် ကြောက်ရွံ့နေ၏။ သို့သော် ဘုရားရှင်၏ မျက်နှာတော်ကို အတန်ကြာအောင် ငေးကြည့်နေရင်း အကြောက်ပြေသွားပြီး မြေပြင်ပေါ်၌ ငိုနေသည့် မိခင်ထံသို့ သွားကာ နှလုံးခုန်ချက် မြန်လွန်း၍ တုန်တုန်ခိုက်ခိုက် ဖြစ်နေသော မိခင်၏ကိုယ်ကို သိမ်းကြုံးပွေ့ဖက်ရင်း ကျောပြင်ကို ပုတ်ပေးနေလေ၏။

ယသောဓရာသည် စကားတစ်ခွန်းမှ မဆိုနိုင်သေးပေ။ သူ့အရှင်၏ ခြေတော်အစုံပေါ်၌ ဦးခေါင်းထိုးချလျက် တသိမ့်သိမ့် ငိုရှိုက်နေလေသည်။ ခြေတော်ရင်း၌ အတန်ကြာအောင်ပင် ငိုကြွေးနေလေရာ အရှင်၏ ခြေတော်အစုံသည် ယသောဓရာ၏ မျက်ရည်တို့ဖြင့် ရွှဲရွှဲစိုလာ၏။

“အရှင် . . . အို သခင် . . .။ မိယသော်ရဲ့ သိမ်မွေ့တဲ့ နှလုံးသားကို နှစ်သိမ့်ပေးဖို့ စကားပြောပါဦး . . .။ မိယသော် . . . ခုနစ်နှစ်လုံးလုံး သည်းခံစိတ်နဲ့ နေခဲ့ရတာပါ။ မိယသော်ဟာလေ အိပ်မက်တွေထဲမှာပဲ ငိုကြွေးနိုင်ခဲ့တဲ့ သူပါ။ အရှင့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အောင်မြင်ပါစေလို့ အချိန်တိုင်း အချိန်တိုင်း ဆုတောင်းပေးနေခဲ့တာပါ။ ဒါပေမယ့် သခင် . . .။ ခုနစ်နှစ်လုံးလုံး သည်းခံနိုင်ခဲ့တဲ့ မိယသော်ဟာ အရှင့်မျက်နှာ မြင်လိုက်ရတာနဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပါဘူး . . .။”

ကရုဏာတရား ပြည့်ဝတော်မူသည့် ဘုရားရှင်သည် တည်ကြည်လေးနက်သည့် အသံတော်ဖြင့် မိန့်တော်မူ၏။

“ယသောဓရာ . . . လောကသားတွေကို ကယ်တင်အလုပ်အကျွေးပြုဖို့ လောကီစည်းစိမ်တွေ အားလုံးကို စွန့်လွှတ်ရဲခဲ့တဲ့ ငါဟာ ငါနဲ့ခွဲခွာရတဲ့ ဒဏ်ကို ခံနိုင်ဖို့ ငါနဲ့ထပ်တူ သတ္တိတွေရှိခဲ့ပြီး ငါ့ကိုလည်း အားပေးခဲ့တဲ့ မင့်ကို ချီးမွမ်းဖို့ ၀န်မလေးပါဘူး။ မင့်ရဲ့ သတ္တိကို ချီးကျူးပါတယ်။ ဂုဏ်ပြုပါတယ်။ သားတော်ရာဟုလာ . . . မိခင်ကြီးကို ထူမပေးလိုက်ပါ။ နန်းဆောင်ထဲ သွားမယ်။”

ဘုရားရှင်၏ ခြေတော်အစုံပေါ်၌ ရှိနေဆဲဖြစ်သော ယသောဓရာသည် ရွှန်းလဲ့တောက်ပသွား၏။ သူ့မျက်နှာ ပီတိဖြာသွား၏။ သူမျှော်လင့်ခဲ့သော ဂုဏ်ပြုစကားကို ကြားရလိုက်ပြီဖြစ်၏။ သူ့မျက်ရည်တို့ ခြောက်သွားလေပြီ။ သူလည်း အသိ ပြန်ဝင်လာပြီး သူ့မျက်နှာကို ဘုရားရှင်၏ ခြေတော်မှ ခွာကာ မတ်တပ်ရပ်လိုက်၏။ အနည်းငယ် ရှက်ရွံ့နေဟန်တူသည်။ သူ့အနားမှာ ရှိနေသည့် သားလေးရာဟုလာကို မှီထားရင် မြေပြင်ကို ငေးစိုက်၍ ကြည့်နေလေ၏။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
ဆက်ဖတ်ရန်